ဒီနေ့ ကမ္ဘာအနှံ့ကို လျှောက်သွားကြည့်ပါ။ အဲ့ဒီတစ်ကမ္ဘာလုံးနှံ့က လမ်းဘေးတွေမှာ နံရံတွေပေါ်မှာ အဆောက်အအုံတွေမှာ ပြီးတော့ ကြော်ငြာဆိုင်းဘုတ်တွေပေါ်မှာ နောက်ဆုံးအမှိုက်ပုံးတွေရဲ့ ဘေးပတ်လည်မှာ ပန်းချီလက်ရာတွေ ပန်းပုလက်ရာတွေ ပြီးတော့ စတစ်ကာပုံတွေကို ရှုပ်ရှုပ်ထွေးထွေးမြင်ရမှာ ဖြစ်တယ်။အဲ့ဒီအနုပညာ လက်ရာတွေကို "လမ်းပေါ်က အနုပညာ "( Street Art) လို့ခေါ်ကြပါတယ်။ဒီ အနုပညာလက်ရာတွေဟာ နယူးယောက်မှာ ရှိတယ်။တိုကျိုနဲ့ ပါရီမှာရှိတယ်။ကိတ်ပ်တောင်းနဲ့ အော်စလိုမြို့တွေမှာလည်း ရှိတယ်။မြို့တိုင်းမြို့တိုင်းမှာ ရှိတယ်။
လမ်းပေါ်က အနုပညာလက်ရာတွေကို ကမ္ဘာကသိအောင်ဖြန့်ချိနေတာကတော့ အင်တာနက်ဝက်ဘ်ဆိုက်တွေ ပန်းချီအဖွဲ့အစည်းတွေ စာအုပ်တွေနဲ့ မဂ္ဂဇင်းတွေဖြစ်တယ်။ဒီလိုနဲ့ လမ်းပေါ်က အနုပညာတွေဟာ ကမ္ဘာလုံးဆိုင်ရာ အမြင်အာရုံယဉ်ကျေးမှုတစ်ရပ် ဒါမှမဟုတ်အနုပညာလှုပ်ရှားမှုတစ်ရပ် ဖြစ်လို့လာခဲ့ပြီ။အခုဆို ပန်းချီပြခန်းတွေနဲ့ ပြတိုက်တွေကတောင် အဲ့ဒီအနုပညာရှင်တွေရဲ့ လက်ရာတွေကို ၀ယ်ယူစုဆောင်းနေကြပြီလေ။လမ်းပေါ်က အနုပညာရဲ့ သမိုင်းကြောင်းကို သီးခြားတည်ဆောက်ပြဖို့ကတော့ မလွယ်လှပါဘူး။ဒီအနုပညာဟာ ကမ္ဘာတစ်ဝန်းက နေရာများစွာမှာ နည်းမျိုးစုံနဲ့ ဖွံ့ဖြိုးခဲ့လို့ပါ။ပုဂ္ဂလိကပိုင် ဒါမှမဟုတ် ပြည်သူပိုင်အဆောက်အအုံတွေရဲ့ နံရံတွေပေါ်မှာ ပန်းချီရေးခြင်းဟာ တရားဥပဒေကို ဆန့်ကျင်တဲ့ကိစ္စဖြစ်တာကြောင့် အနုပညာရှင်တွေဟာ လျှို့လျှို့ဝှက်ဝှက် လုပ်ကြရတယ်ဆိုတဲ့ အချက်ကလည်း လမ်းပေါ်က အနုပညာရဲ့ သမိုင်းဆိုင်ရာ အချက်အလက် စုဆောင်းမှုကို ထိခိုက်စေပါတယ်။ဒီအနုပညာကို အဓိပါယ်သတ်မှတ်ဖို့လည်း ခက်ပါတယ်။ဒီအနုပညာလှုပ်ရှားမှုအပေါ် လူတွေကလည်း ရှုမြင်ပုံ အမျိုးမျိုးနဲ့ သုံးသပ်ကြတယ်။တချို့ကဆို ဒီအနုပညာဟာ ရာဇ၀တ်မှုတစ်ခုဖြစ်ပြီး သူများရဲ့ပိုင်ဆိုင်မှုကို ဖျက်ဆီးတယ်လို့တောင် မြင်ပါတယ်။ဒါပေမယ့် တချို့ကလည်း ဒီအနုပညာဟာ ရိုးရာကနေခွဲထွက်တဲ့ အနုပညာပုံစံတစ်ရပ် ကြွယ်ဝတဲ့ ခံစားမှုဖော်ထုတ်ချက် တစ်ရပ်လို့ယုံကြည်ကြပါတယ်။
လမ်းပေါ်က အနုပညာလှုပ်ရှားမှုဟာ ၁၉၆၀ပြည့်လွန်နှစ်များအတွင်း နယူးယောက်မြို့မှာ စတင်ခဲ့တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။လူငယ်တွေက မှုတ်ဆေးဗူးတွေသုံးပြီး နံရံတွေပေါ်နဲ့ ရထားတွဲတွေပေါ်မှာ သူတို့ရဲ့ အမှတ်တံဆိပ်တွေကို ရေးထိုးခဲ့ရာက စခဲ့တာပါ။အဲ့ဒီ အမှတ်တံဆိပ်တွေဟာ အဲ့ဒီလူငယ်တွေ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာနဲ့သူတို့ရဲ့ အနုပညာလက်ရာတွေကို ကိုယ်စားပြုပါတယ်။ဒီလိုတံဆိပ်တွေ စာလုံးတွေရေးသားတာကို ဂရာဖီတီ (Graffiti)လို့လည်းခေါ်တယ်။ဒီပန်းချီအရေးအသားတွေဟာ စိတ်လှုပ်ရှားစရာ ကောင်းပြီးခွန်အားလည်း ရှိလှပါတယ်။တချို့ ဂရာဖီတီပန်းချီတွေဟာ မြို့ခံမြေအောက် ဂိုဏ်းတွေရဲ့ နယ်နိမိတ်ပြအမှတ်အသားတွေ ဖြစ်ခဲ့တယ်။
ဂရာဖီတီပန်းချီဟာ မြို့ပြနေ လူငယ်တွေရဲ့ လမ်းယဉ်ကျေးမှုကို ဖော်ပြတဲ့ သီးခြားအနုပညာ လှုပ်ရှားမှု တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ဂရာဖီတီပန်းချီဟာ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ တော်လှန်ပြောင်းလဲမှုတွေ၊အကျပ်အတည်းတွေကို မျာစွာကိုယ်စားပြုနိုင်ခဲ့တယ်။ဒီအနုပညာဟာ ယဉ်ကျေးမှုနဲ့ အာဏာတို့ကပြဋ္ဌာန်းထားခဲ့တဲ့ အနုပညာတစ်ရပ် ဖြစ်တယ်။ လမ်းပေါ်က အနုပညာသမားတွေရဲ့ အားသာချက်က သူတို့ဟာ မြို့တွေလျှောက်သွားပြီး လူတိုင်းမြင်တွေ့ခွင့်ရမယ့် အနုပညာလက်ရာတွေကို ဖန်တီးနိုင်တာပဲ။သူတို့ဟာတရားဝင်အသိအမှတ်ပြုမှုမပါဘဲနဲ့လည်း နာမည်ကျော်တွေဖြစ်ခွင့်ရှိတယ်။မကြာခဏလည်းအာဏာပိုင်တွေနဲ့ ပြသနာတက်ခဲ့ကြတယ်။များသောအားဖြင့် ဂရာဖီတီသမားတွေက နံရံပေါ် ပန်းချီရေးလိုက်၊ခဏနေတော့ အာဏာပိုင်တွေလာပြီးဖျက်ပစ်လိုက်နဲ့ သံသရာလည်နေတာပါပဲ။ ကိသ်ဟားရင်း နှင့် သူ၏အနုပညာလက်ရာတစ်ခု
၁၉၈၀ ပြည့်လွန်နှစ်တွေမှာ လမ်းပေါ်ကအနုပညာရှင်တွေအဖြစ် အနုပညာကိုစတင်လုပ်ကိုင်ခဲ့ကြသူနှစ်ယောက်နာမည်အရမ်းကြီးလာတယ်။သူတို့ကတော့ ကိသ်ဟာရင်း(Keith Haring)နဲ့(Jean Michel Basquiat)ဂျွန်မိုက်ကယ်ဘက်စကီးယေးတို့ဖြစ်ကြပြီး နယူယောက်မြို့က ဖြစ်ပါတယ်။သူတို့ဟာ နာမည်ကျော် ပန်းချီပြခန်းတွေနဲ့ပြတိုက်တွေမှာ အလျင်အမြန် နေရာရလာကြတယ်။သူတို့ကြောင့်ပဲ လမ်းပေါ်က အနုပညာဟာ လူကြိုက်များတဲ့ အနုပညာယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာတယ်။ ဂျွန်မိုက်ကယ် ဘက်စကီးယေးနှင့် သူ၏အနုပညာလက်ရာတစ်ခု
ယနေ့လမ်းပေါ်က ပန်းချီမှာ ပုံသဏ္ဍာန်မျိုးစုံ ရှိပါတယ်။လူသိများတဲ့ နောက်ထပ် နယူးယောက်လမ်းပေါ်က အနုပညာရှင်ကတော့ ဆွန်း( Swoon) ဆိုသူပါပဲ။ဒီပန်းချီဆရာမဟာ သူကြုံတွေ့ရတဲ့လူတွေရဲ့ ပုံတူကို စက္ကူဖြတ်စညှပ်စတွေနဲ့ ဖန်တီးပြုလုပ်ခဲ့တယ်။အဲ့ဒီစက္ကူလူရုပ်တွေက အပြင်ကလူအရွယ်အစား ပုံသဏ္ဍာန်အတိုင်း အတိအကျပါပဲ။ဒီပုံတွေကို ဆွန်းက နယူးယောက်မြို့အနှံက နံရံတွေပေါ်မှာကပ်ပြီး တင်ဆက်ခဲ့တယ်။နမူနာတစ်ခုပြောရရင် သူတစ်ခါတုန်းကပြုလုပ်ခဲ့တဲ့ပုံဟာ ကစားနေတဲ့ကောင်လေးတစ်ယောက်ပုံဖြစ်တယ်။ဒီကောင်လေးဟာ သူ့ရဲ့ပြုံးရယ်နေတဲ့မျက်နှာကိုနောက်ပြန်လည့်ထားပြီး အဝေးတစ်နေရာကို ထွက်ပြေးနေတာဖြစ်တယ်။ဆွန်းရဲ့ ရုပ်ပုံရေးဆွဲပုံဟာ ခွန်အားရှိတယ်။ပုံရဲ့ လှုပ်ရှားမှုကိုလည်း ပေါ်လွင်စေတယ်။စောစောက ကောင်လေးပုံကို ဆွန်းကတခြားဂရာဖီတီပုံတွေနားမှာ ထားလိုက်တယ်။ဒီတော့ ကောင်လေးဟာ အဲ့ဒီရုပ်ပုံကြီးတွေဆီကနေလွတ်မြောက်အောင် ထွက်ပြေးနေဟန် ပေါ်လွင်သွားတာပေါ့။
ပန်းချီဆရာမ ဆွန်းဟာ လမ်းပေါ်က အနုပညာရှင်အဖြစ် အနုပညာလုပ်ငန်းကို စခဲ့တာမဟုတ်ပါဘူး။သူဟာ ဘရွတ်ကလင်းက ပရတ်အနုပညာသိပံ(Pratt Institute) မှာပန်းချီဘာသာရပ်ကို သင်ယူခဲ့သူဖြစ်တယ်။နောက်ပိုက်မှာ ပြခန်းတွေနဲ့ အလုပ်လုပ်ရတာကို စိတ်ကုန်လာပြီး သူ့ရဲ့ ပန်းချီပညာကိုလမ်းပေါ် ရွှေ့ခဲ့တာဖြစ်တယ်။သူလမ်းဘေးမှာ တင်ဆက်လိုက်တဲ့ လက်ရာတွေ ပြောင်လဲသွားပုံကို ဆွန်းကသိပ်သဘောကျတယ်။အဲ့ဒီလက်ရာတွေဟာ လမ်းပေါ်မှာဆိုတော့ အချိန်နဲ့အမျှ နေပူမိုးရွာစတဲ့ ရာသီဥတုဒဏ်ကို ခံရပြီး တဖြည်းဖြည်း ပျက်စီးလွင့်ပျောက် ကုန်တာပေါ့။ဒါကိုဆွန်းက သဘောကျတာ။ ပြီးတော့ လမ်းပေါ် အနုပညာက ပေးတဲ့ လွတ်လပ်စွာဖန်တီးဖော်ပြခွင့်အပေါ်မှာလည်း ဆွန်းသာယာသွားတယ်။လူတွေကလည်း ဆွန်းရဲ့အားကောင်းလှတဲ့ လက်ရာတွေကို ကြိုက်ကြတယ်။နယူးယောက်မြို့က MOMAို့ခေါ်တဲ့ မော်ဒန်အနုပညာပြတိုက်ကဆိုရင် ဆွန်းရဲ့ လက်ရာသုံးခုကို ၀ယ်ယူစုဆောင်းခဲ့ပါတယ်။ အနုပညာရှင် ဆွန်း၏ အနုပညာလက်ရာတစ်ခု
တက်ဆက်ပြည်နယ် ဟူစတန်မြို့ကို ရောက်ရင်တော့ နစ်တာပလိစ်(Knitta Please)ဆိုတဲ့အနုအုပ်စုတစ်စုရဲ့ အသွင်ကွဲ ဂရာဖီတီလက်ရာကို မြင်တွေ့ရမှာဖြစ်တယ်။နစ်တာပလိစ်အုပ်စုမှာ ပန်းချီပညာရှင် ၁၀ယောက်ပါပြီး သူတို့က သူတို့ရဲ့လက်ရာတွေကို ချည်ထိုးတဲ့နည်းနဲ့ ဖန်တီးကြတယ်။နစ်တာပလိစ်ရဲ့ အဖွဲ့ဝင်နှစ်ယောက်က ချည်ထိုးပြီးရောင်းစားရတဲ့ အလုပ်ကို ငြီးငွေ့လွန်းလို့ လမ်းပေါ်အနုပညာကိုဖန်တီးမှုလုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်။ဒီလိုနဲ့ သူတို့ရဲ့ ချည်ထိုးလက်ရာတွေဟာ တံခါးလက်ကိုင်တွေ၊လမ်းဘေးဆိုင်းဘုတ်တွေနဲ့မြို့အနှံ့မှာ ရပ်ထားတဲ့ မော်တော်ကားတွေပေါ်ကို ရောက်ကုန်ကြတယ်။
လမ်းပေါ်က အနုပညာဟာ ကမ္ဘာတစ်လွှားမှာအရမ်းကို လူကြိုက်များ ရေပန်းစားပါတယ်။နမူနာပြရရင် ပြင်သစ်နိုင်ငံ ပါရီမြို့က လမ်းထောင့်တွေမှာ ဆပေ့စ်အင်ဗေဒါး(Space Invader)လို့ခေါ်တဲ့ အနုပညာရှင်တစ်ယောက်ရဲ့ လက်ရာတွေကို မြင်တွေ့ရပါမယ်။ဆပေ့စ်အင်ဗေဒါးဆိုတာဟာ ၁၉၈၀ပြည့်နှစ်တွေမှာ အရမ်းနာမည်ကြီးတဲ့ ဗီဒီယိုဂိမ်းတစ်မျိုးရဲ့အမည်ပါ။ဒီပြင်သစ်ပန်းချီဆရာကတော့ သေးငယ်တဲ့ မှန်ကွဲစလေးတွေသုံးပြီး ဂြိုဟ်သားပုံတွေ ဖန်တီးပါတယ်။ပါရီက အဆောက်အအုံအတော်များများပေါ်မှာ သူ့ရဲ့ရောက်စုံ၊အကောင်စုံလက်ရာတွေဟာ နေရာယူထားလေရဲ့။ဆပေ့စ်အင်ဗေဒါး ဒီအနုပညာအလုပ်ကို လုပ်လာတာ၁၀နှစ်ခန့်ရှိပါပြီ။ဒီလိုလုပ်လို့သက်ဆိုင်ရာရဲ့ ဖမ်းဆီးချုပ်နှောင်မှုကိုလည်း အကြိမ်ကြိမ်ခံခဲ့ရတယ်။ဒါပေမယ့်သူဟာဒီအလုပ်ကိုဆက်လုပ်နေတုန်းပဲ။သူဟာမြို့
တွေကိုလက်ဆောက်တွေထားရစ်ခဲ့တာလို့ သူအမြဲပြောလေ့ရှိတယ်။ဆပေ့စ်အင်ဗေဒါးရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ပေါ်မှာ သူသွားခဲ့တဲ့မြို့တွေရဲ့ စာရင်းအပြည့်အစုံရှိပါတယ်။သူဟာ ဒါကာ၊ဘင်္ဂလားဒက်ရှ်၊မွမ်ဘာဆာ၊ကင်ညာ၊အီစတန်ဘူလ်နဲ့ တူရကီတို့လို နေရာတွေကိုထားရစ်ခဲ့တယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့က လမ်းထောင့်များတွင် ဆပေ့စ်အင်ဗေဒါး လက်ရာများကို မြင်တွေ့ရပုံ
ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့ဟာလည်း လမ်းပေါ်က အနုပညာကို ကြွယ်ကြွယ်၀၀ ပိုင်ဆိုင်တဲ့မြို့ဖြစ်တယ်။ဥပမာအားဖြင့် အဲ့ဒီမြို့မှာ အော့စ်ဂမ်မီယိုစ် (Os Gemeos)ဆိုတဲ့ နာမည်နဲ့ လှုပ်ရှားနေတဲ့ အနုပညာရှင်ညီအစ်ကို နှစ်ယောက်ရဲ့ လက်ရာတွေကိုတွေ့နိုင်တယ်။သူတို့အများဆုံး ရေးဆွဲလေ့ရှိတာကတော့ လိမ္မော်ရောင် အသားရောင်နဲ့ရယ်စရာကောင်းတဲ့ လူမျက်နှာတွေပါပဲ။သူတို့ရဲ့ ဒီမျက်နှာပုံတွေဟာ အသွင်ကွဲပုံစံတွေဖြစ်ပြီး ခံစားမှုရသတစ်မျိုးစီကို ပေးပါတယ်။တစ်ခါတလေကျတော့ သူတို့က လူတစ်ယောက်တည်းရဲ့ အရုပ်ကိုပဲ ရေးတတ်တယ်။တစ်ခါတစ်ရံကျတော့လည်း လူရုပ်တွေအများကြီး၊လှုပ်ရှားမှုတွေအများကြီးနဲ့ အင်မတန် ရှုပ်ထွေးတဲ့ပုံတွေကို ရေးတယ်။ကမ္ဘာအနှံ့က ပန်းချီပြခန်းတွေဟာ အော့စ်ဂမ်မီယိုစ် ညီနောင်ရဲ့ လက်ရာတွေကို ပြပွဲတင်ခဲ့ပြီးပါပြီ။ အော့စ်ဂမ်မီယိုစ် အနုပညာရှင်ညီအစ်ကို နှစ်ယောက်နှင့် သူတို့၏ လက်ရာများ
အနုပညာရှင်တွေ ဒီလိုထူးခြားတဲ့ လမ်းပေါ်က အနုပညာကို လုပ်ကိုင်ကြတာ အကြောင်းပြချက်အမျိုးမျိုးနဲ့ဖြစ်တယ်။တချို့က အနုပညာလက်ရာအပေါ်မှာ စီးပွားရေးအရ အမြတ်ထုတ်တဲ့ ပန်းချီပြခန်းတွေနဲ့ ပြတိုက်တွေကို လက်မခံလို့ဖြစ်တယ်။အချို့က အဲ့ဒီတရားဝင်ပြခန်းတွေနဲ့ ပြတိုက်တွေဟာ ပြည်သူနဲ့ အနုပညာကို သီးခြားစီဖြစ်အောင် ပိုင်းခြားပစ်နေတယ်လို့ မြင်လို့ပဲ။သူတို့က လမ်းပေါ်က အနုပညာဟာမြို့ပြ၀န်းကျင်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်နိုင်တယ်ဆိုတဲ့ အချက်ကို သဘောကျနှစ်ခြိုက်ကြတယ်။
တချို့အနုပညာရှင်တွေကျတော့ သူတို့ရဲ့ အနုပညာနဲ့သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်ကို ဖော်ထုတ်ချင်လို့ဖြစ်ပြီး အချို့ကျတော့လည်း လမ်းပေါ်က အနုပညာဟာ စီးပွားရေးလုပ်ငန်းကြီးတွေ၊ကော်ပိုရေးရှင်းကြီးတွေ မင်းမူနေတဲ့ ထုံးတမ်းအစဉ်အလာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ်လို့ ရှုမြင်ကြတယ်။သူတို့က မြို့ပြနံရံတွေကို စီးပွားရေးကြော်ငြာတွေပဲ လွမ်းမိုးထားတာကို မလိုလားဘူး။ကြော်ငြာတွေတောင် နံရံပေါ်ရောက်ခွင့်ရှိရင် သူတို့ရဲ့ အနုပညာလက်ရာတွေလည်း နံရံပေါ်ရောက်ခွင့်ရှိရမယ်လို့ ယုံကြည်တယ်။လမ်းပေါ်က အနုပညာရှင်များစွာဟာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကိုလည်း မခံရအောင်လက်တစ်လုံးခြားလုပ်ပြီး ခိုးကြောင်ခိုးဝှက် ပန်းချီရေးရတာကို နှစ်သက်ကြဆဲပါ။
တချို့လမ်းပေါ်က အနုပညာရှင်တွေက ငွေပေးပြီး နေရာယူရေးကြတာရှိတယ်။ဝါရှင်တန်က ဘော့ဖ်(Borf) ဆိုတဲ့ ပန်းချီဆရာကတော့ သူ့ရဲ့ရုပ်ပုံသေးသေးလေးတွေကို မြို့အနှံ့ လျှောက်ရေးပါတယ်။သူရဲ့လက်ရာတွေဟာ လူကုံထံနဲ့ အစို
းရရဲ့ ဖိနှိပ်မှုကို မုန်းတီးကြောင်းတွေဖော်ပြတဲ့ လက်ရာတွေပဲလို့ ဝေဖန်ရေးဆရာတွေက ဆိုတယ်။လူငယ် တော်တော်များများကတော့ သူ့ရဲ့ တော်လှန်အနုပညာကို ကြိုက်ကြတယ်။သူတို့အတွက် ဘော့ဖ်ရဲ့ လက်ရာတွေဟာ နားလည်ရခက်ပြီး ခွန်အားကြီးတဲ့ သတင်းစကားကို ပေးပါတယ်။တချို့ကတော့ သူ့လက်ရာတွေကို ရာဇ၀တ်မှုလို့မြင်တယ်။၂၀၀၅ခုနှစ် နွေတုန်းက ရဲတွေဟာ လမ်းပေါ်မှာ ပုံရေးနေတဲ့ ဘော့ဖ်ကို ဖမ်းချုပ်ခဲ့ကြပါတယ်။သူဟာ ထောင်တစ်လ ကျခံခဲ့ရတယ်။
လမ်းပေါ်က အနုပညာဟာ ကြော်ငြာ ကုမ့္ပဏီတွေရဲ့ နာမည်ကျော် ဒီဇိုင်းပညာတစ်ရပ်ဖြစ်လို့လာခဲ့ပါပြီ။ကြော်ငြာတချို့ကို ကြည့်ရ
င် ဂရာဖီတီသမားတွေရဲ့ လွှမ်းမိုးမှုကို တွေ့ရမှာဖြစ်တယ်။နာမည်ကျော် အက်ဒီဒပ်စ်( Adidas)ကုမ့္ပဏီဟာ သူတို့ရဲ့ ၂၀၀၆ကြော်ငြာစီမံကိန်းအတွက် လမ်ပေါ်က အနုပညာကို ရွေးချယ်ထားတယ်။အက်ဒီဒပ်စ်က ဘာလင်မြို့မှာ ဧရာမ အဖြူရောင်ဆိုင်းဘုတ်ကြီးတွေ ချိတ်ပါတယ်။အဲ့ဒီဆိုင်းဘုတ်တွေပေါ်မှာ အက်ဒီဒပ်စ်ဆိုတဲ့ အမှတ်တံဆိပ် စာလုံးပဲပါတယ်။ဂရာဖီတီသမားတွေက ဒီဆိုင်းဘုက်ပေါ်မှာ ရေးချင်ရာရေးလို့ရတယ်။တကယ်လို့ ဆိုင်းဘုတ်တစ်ခုမှာ ဂရာဖီတီပုံတွေပြည့် သွားပြီဆိုရင် အဲ့ဒီဆိုင်းဘုတ်ကိုသုံးပြီး အက်ဒီဒပ်စ်က သူ့ရဲ့ ထုတ်ကုန်သစ်တစ်ခုကို ကြော်ငြာပါတယ်။
အင်တာနက်ဟာ လမ်းပေါ်က အနုပညာအတွက် အင်မတန်ကြီးမားတဲ့ အထောက်အပံ့ဖြစ်ပါတယ်။အနုပညာရှင်တွေအနေနဲ့ သူ
တို့ရဲ့ လက်ရာတွေကို အင်တာနက်က တစ်ဆင့် တစ်ကမ္ဘာလုံးကိုပြသခွင့် ရတယ်။ဘယ်လိုပဲ ပိတ်ပင်မှုတွေ ရှိနေပါစေ။ လမ်းပေါ်က အနုပညာဟာ ဆက်လက်ပြီး ရှင်သန်ကြီးထွားနေမှာ အသေချာပါပဲ။

VOA အသံလွှင့်ဆောင်းပါးပါ Dana Demange ၏ Art You Can See for Free,on Street Around the World ကိုမောင်ဒေး မြန်မာပြန်ဆိုသည်။

မှတ်ချက်။ ။ လင်းရောက်ခြည် USA မဂ္ဂဇင်းမှကူးယူတင်ပြပါသည်။





ပင်လယ်ဓားပြတို့အကြောင်း ၀တ္ထုဇာတ်လမ်းများနှင့် ရုပ်ရှင်တို့ကို လူကြီးလူငယ်မရွေး နှစ်သက်ကြသည်။ပင်လယ်ဓားပြတို့သည် သင်္ဘောဖြင့် လိုက်ပါလာသူတို့ထံမှ ငွေကြေး၊ပစ္စည်းတို့ကို တိုက်ခိုက် လုယက်သည့် ရာဇ၀တ်ကောင်များပင် ဖြစ်သည်။အကျော်ကြားဆုံး ရုပ်ရှင်ဇာတ်လမ်းစဉ်တစ်ခုမှာ " ကရစ်ဘီယံမှ ပင်လယ်ဓားပြများ " (Pirates of the Caribbean) ဖြစ်သည်။ ထိုဇာတ်ကားတွင်ရုပ်ရှင်မင်းသား ဂျွန်နီဒက်ပ် (Johnny Depp)က ကပ့္ပီတန်ဂျက်စပဲရိုး ( Captain Jack Sparrow ) ဟုအမည်တွင်သည့် ပင်လယ်ဓားပြအဖြစ် သရုပ်ဆောင်ထားသည်။သို့သော်လည်း ကပ့္ပီတန် ဂျက်နှင့်တကွရုပ်ရှင်နှင့်ဝတ္ထုစာအုပ်များထဲမှ ပင်လယ်ဓားပြများသည် ပြင်ပတွင်တကယ်ရှိနေသည့် ပင်လယ်ဓားပြတို့နှင့် လုံးဝကွဲပြားခြားနားကြသည်ဟု သမိုင်းပညာရှင်များက ဆိုပါသည်။
အာဖရိက၊တောင်အမေရိက၊အင်ဒိုနီးရှားနှင့် ကရစ်ဘီယံဒေသတို့၏ ကမ်းလွန်ပင်လယ်ရေပြင်တို့တွင် ပင်လယ်ဓားပြတို့၏ လုယက်တိုက်ခိုက်မှုများမှာ အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။ ကမ္ဘာတစ်လွှားတွင် ၂၀၀၃ခုနှစ်အတွင်းက ပင်လယ်ဓားပြတိုက်မှုပေါင်း ၄၄၅ မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထိုတိုက်ခိုက်မှုများတွင် လူ၁၆ဦးအသတ်ခံခဲ့ကြရသည်။၂၀၀၆ခုနှစ် ပထမသုံးလမှာပင် လုယက်တိုက်ခိုက်ခံရသော သို့မဟုတ် လုယက်ရန် ကြံစည်ကြိုးပမ်းခဲ့သော ပင်လယ်ဓားပြမှုပေါင်း ၆၁မှုဖြစ်ပွားခဲ့သည်ဟုဆိုပါသည်။၂၀၀၅ခုနှစ် အလားတူကာလအတွင်းတွင် ထိုကဲ့သို့ လုယက်တိုက်ခိုက်မှု ၅၆မှုဖြစ်ပွားခဲ့ပါသည်။ ထို့ပြင် သတင်းပို့ တိုင်ကြားခြင်းမရှိသဖြင့် စာရင်းမပေါ်သော ပင်လယ်ဓားပြမှုများစွာ နှစ်စဉ်ဖြစ်ပွားလျက် ရှိပေသေးသည်။
၂၀၀၅ခုနှစ်က ဆိုမာလီယာနိုင်ငံတွင် ပင်လယ်ဓားပြမှု ၃၅မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ပင်လယ်ဓားပြတို့သည် ခရီးသည်တင် သင်္ဘောများနှင့် ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်ကြသည်ဟု အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းသွားလာရေးဌာနက ဆိုပါသည်။၂၀၀၆ခုနှစ် မတ်လအတွင်း ဆိုမာလီယာတောင်ပိုင်း ဆိပ်ကမ်းတစ်ခု၌ ရေနံတင် သင်္ဘောပေါ်မှ ဖိလစ်ပိုင်သင်္ဘောသား၂၀ကို ဆိုမာလီယာပင်လယ်ဓားပြများက ပြန်ပေးဆွဲခဲ့ကြသည်။ထိုသင်္ဘောသားများ ပြန်လွတ်ပေးရန်အတွက် သင်္ဘောပိုင်ရှင်ထံမှ ငွေတောင်းယူခဲ့ကြသည်။ပြန်ပေးဆွဲ သူများနှင့် ညှိနှိုင်းပြီးနောက် ဇူလိုင်လအတွင်း သင်္ဘောသားများကို ပြန်လွှတ်ပေးခဲ့သည်။
ခေတ်သစ်ပင်လယ်ဓားပြများသည် မြန်နှုန်မြင့်မော်တော်ဘုတ်များကို အသုံးပြုလာကြသည်ဟု ဆိုသည်။ပင်လယ်ဓားပြများသည် များသောအားဖြင့်သင်္ဘောများဆီသို့ တရကြမ်းဝင်ရောက်လာကာ သူတို့လိုချင်သည့် ပစ္စည်းဥစ္စာတို့ကို လုယက်ယူဆောင်ပြီးမိနစ်ပိုင်းအတွင်းမှာပင် ထွက်ပြေးပျောက်ကွယ်သွားတတ်ကြသည်။တစ်ခါတစ်ရံ၌ သင်္ဘောသားများကို ဓားပြများက နှိပ်စက်ညှင်းပန်းခြင်း၊သတ်ဖြတ်ခြင်းများလည်း ပြုတတ်ကြသည်။ ယနေ့ခေတ် ပင်လယ်ဓားပြတို့ကို ဖမ်းဆီးရမိရန် မလွယ်ကူပေ။ သူတို့သည်တရားဥပဒေစိုးမိုးနိုင်ခြင်းမရှိသော သို့မဟုတ် တရားဥပဒေ လုံးဝကင်းမဲ့သော မြစ်ချောင်းငယ်များ၊ ဆိပ်ကမ်းများသို့ ပြန်သွားကြခြင်းဖြစ်သည်။အချို့နေရာဒေသများတွင်မူ ဥပဒေအရ အရေးယူမခံရစေရန်အတွက် ဒေသခံ အာဏာပိုင်များကို ပင်လယ်ဓားပြများက ဆက်ကြေးပေးထားတတ်ကြသည်။ ထို့ပြင်ပင်လယ်ဓားပြတိုက်မှုများမှာ နိုင်ငံတစ်နိုင်ငံ၏ ရေပိုင်နက်ပြင်ပတွင် ဖြစ်ပွားလေ့ရှိသဖြင့် တရားဥပဒေအရ အရေးယူရန်လည်း အခက်အခဲ ဖြစ်နေပေသည်။ ထို့ကြောင့်နိုင်ငံများစွာအတွက် ပင်လယ်ဓားပြ ပြသနာမှာ စိုးရိမ်ရဆဲအခြေအနေတွင် ရှိနေပေသည်။ထို့ကြောင့် ပင်လယ်ဓားပြများ ဖမ်းဆီးရမိရေးနှင့် တရားဥပဒေအရ အရေးယူသွားနိုင်ရန်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို အဆက်မပြတ် ဆောင်ရွက်နေကြရသည်။
ပင်လယ်ဓားပြတို့သည် သမိုင်းနှင့်ချီကာ ရှိခဲ့ကြခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ ရှေးခေတ်ဟောင်း ဂရိနှင့် ရောမသင်္ဘောများမှာလည်း ပင်လယ်ဓာပြတို့၏ တိုက်ခိုက်လုယက်မှုကို ခံခဲ့ကြရသည်။ တစ်ခါတစ်ရံ၌ နိုင်ငံတစ်နိုင်ငံမှ လူများသည်အခြားနိုင်ငံမှ သင်္ဘောများကို စီးနှင်းတိုက်ခိုက်ရန်အတွက် သင်္ဘေများကို အသုံးပြုကြသည်။ပင်လယ်ဓားပြသင်္ဘောများသည် အခြားနိုင်ငံကမ်းခြေများသို့ ၀င်ရောက်ဆိုက်ကပ်ပြီး၊သင်္ဘောသားဓားပြများကနီးစပ်ရာမြို့များကို ၀င်ရောက်ကာမြို့လုံးကျွတ်တိုက်ခိုက်မှုများကိုလည်း မကြာခဏဆိုသလိုကျူးလွန်တတ်ကြသည်။ ဓားပြတို့က မြို့သူမြို့သားများကို ဖမ်းဆီး၍ ပစ္စည်းဥစ္စာများကို လုယက်ယူဆောက်သွားတတ်ကြသည်။နော်ဝေ၊ဒိန်းမတ်နှင့်ဆွီဒင်နိုင်ငံတို့မှ ပင်လယ်ပျော်ဓားပြများသည် ဥရောပမှ သင်္ဘောများနှင့် မြို့ရွာများကို ယင်းကဲ့သို့တိုက်ခိုက်လုယက်မှုများ ပြုလုပ်ခဲ့ကြသည်။၁၇နှင့် ၁၈ရာစုနှစ်များအတွင်းက ဗြိတိန်နိုင်ငံမှပင်လယ်ဓားပြများသည် ပြင်သစ်နှင့် စပိန်နိုင်ငံတို့မှ ချမ်းသာကြွယ်ဝသော သင်္ဘောများကို တိုက်ခိုက်လုယက်ခဲ့ကြသည်။
အဆိုပါ ပင်လယ်ဓားပြများကို ထင်ရှားကျော်ကြားသည့် စာအုပ်များ၊ရုပ်ရှင်များထဲမှာ ပင်လယ်ဓားပြများနှင့်တူလိမ့်မည်ဟု လူအများက အထင်ရောက်နေကြသည်။" ရတနာကျွန်း"( Treasure Island )၀တ္ထုထဲမှ လောင်းဂျွန်ဆေးလ်ဗား ( Long John Silver)၊ "ပီတာပင်"( Peter Pan)၊ ပုံပြင်ထဲမှကပ္ပီတန် ဟွတ်ခ်(Captain Hook) သို့မဟုတ် "ကရစ်ဘီယံမှ ပင်လယ်ဓားပြများ " ရုပ်ရှင်ထဲမှ
ကပ္ပီတန် ဂျက်စပဲရိုးတို့ကဲ့သို့ ပင်လယ်ဓားပြကြီးများနှင့် တူနေလိမ့်မည်ဟုထင်မိကြခြင်းဖြစ်သည်။ သို့သော်လည်း ပင်လယ်ဓားပြများအကြောင်း လေ့လာခဲ့ကြသည့် သမိုင်းပညာရှင်များကမူ ထိုသို့ ထင်မြင်ချက်အများစုမှာ လွဲမှားနေသည်ဟုဆိုပါသည်။ ပင်လယ်ဓားပြအကြောင်း လေ့လာသူ ပညာရှင်များထဲတွင် ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ပစ်ဘာ့ဂ်တက္ကသိုလ်မှ သမိုင်းပါမောက္ခ မားကပ်စ်ရက်ဒီကား (Marcus Rediker) လည်းအပါအ၀င်ဖြစ်သည်။ ပါမောက္ခ ရက်ဒီကားသည် ပင်လယ်ဓားပြတို့၏ ဘ၀ကြောင်းကို နှစ်ပေါင်းသုံးဆယ်ကျော်လေ့လာခဲ့သူဖြစ်သည်။ပင်လယ်ဓားပြအများစုမှာ တစ်ချိန်က သင်္ဘောသားများဖြစ်ခဲ့ကြသည်ဟု ပါမောက္ခ ရက်ဒီကားကဆိုပါသည်။ ထိုသင်္ဘောသားတို့သည် ယင်းတို့၏အစိုးရကပေးသောလစာရိက္ခာ ချို့တဲ့မှုနှင့်သင်္ဘောကပ္ပီတန်၏ ရက်စက်ကြမ်းကြုတ်မှုတို့ကိုအခံမရပ်နိုင်ဖြစ်ကာ ထကြွပုန်ကန်ခဲ့ကြသည်။ပင်လယ်ဓားပြများသည် မိမိတို့အချင်းချင်း အများဆန္ဒအရအုပ်ချုပ်သည့် ဒီမိုကရေစီ အသိုက်အ၀န်းတစ်ခုကို ထူထောက်ခဲ့ကြသည်။မိမိတို့ကို အုပ်ချုပ်ဦးဆောက်ရန် ကပ္ပီတန်ကိုရွေးချယ်တင်မြောက်ထားကြသည်။ မိမိတို့ အချင်းချင်း အတူတကွပူးပေါင်းနေထိုင်ရန် စည်းကမ်းချက်များကို ချမှတ်ထားပြီး အဆိုပါစည်းကမ်းချက်ကို ကျူးလွန်ဖော်ဖျက်သူတို့အား အများသဘောဆန္ဒအရ ပြစ်ဒဏ်စီရင်ကြသည်။
ခေတ်သစ် ပင်လယ်ဓားပြရေးရာ ကျွမ်းကျင်သူ နောက်တစ်ဦးမှာ ဒေဗစ်ကော်ဒင်လီ (David Cordingly) ဖြစ်သည်။၎င်းက" အလံနက်အောက်မှ ပင်လယ်ဓားပြတို့၏ စိတ်ကူးနှင့် လက်တွေ့ဘ၀"အမည်ရှိ စာအုပ်ကို ပြုစုရေးသားခဲ့သည်။ ထိုစာအုပ်ထဲတွင် ကယ်လီကိုဂျက် (Calico Jack )နှင့်ဘလက်ဘာ့တ်( Black Bart )တို့လို တကယ့်ပင်လယ်ဓားပြကြီးများနှင့် ပတ်သက်သော အချက်အလက်များကို ထည့်သွင်းရေးသားထားလေသည်။
အထင်ရှားဆုံး ပင်လယ်ဓားပြများထဲမှ ဟင်နရီမော်ဂန် ( Henry Morgan) ၊ဟင်နရီ အေဗရီ(Henry Avery) နှင့် မုတ်ဆိတ်နက်ဟု လူသိများခဲ့သည့် အက်ဒ်ဝပ်တိခ်ျ( Edward Teach) ဟူသောပင်လယ်ဓားပြကြီးသုံးဦးအကြောင်းထုတ်နုတ်ဖော်ပြထားပါသည်။စပိန်နိုင်ငံအစိုးရက ဟင်နရီမော်ဂန်ကို ပင်လယ်ဓားပြတစ်ဦးအဖြစ်သတ်မှတ်သည်။ ဗြိတိသျှတို့ကမူ သူ့ကို သူရဲကောင်းတစ်ဦးအဖြစ်အသိအမှတ်ပြုခဲ့သည်။ဗြိတိသျှ၊ ပြင်သစ်၊နယ်သာလန်နှင့်စပိန်နိုင်ငံတို့သည် ကုန်သွယ်မှုအခွင့်အရေးနှင့် နယ်ပယ်သစ်များမှ ဓနဥစ္စာများကို သိမ်းပိုက်ခြယ်လှယ်နိုင်ရေးအတွက် နယ်မြေလုစစ်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲကြသည်။စစ်ပြေညိမ်းရေးစာချုပ်များ ချုပ်ဆိုပြီးနောက်ပိုင်းမှာပင် ထိုနိုင်ငံများအကြား တင်းမာမှုများ မပြေပျောက်နိုင်ဘဲ ရှိခဲ့လေသည်။
စပိန်နိုင်ငံက သိမ်းပိုက်ထားသည့် ကမ္ဘာ့အနောက်ပိုင်း ကိုလိုနီနယ်ပယ်များမှာ ရွေ၊ငွေနှင့် အဖိုးတန်ကျောက်မျက်ရတနာ အမြောက်အမြားကို ပိုင်ဆိုင်ထားကြသည်။ အဆိုပါဥစ္စာဓနများကို စပိန်နိုင်ငံသို့ သင်္ဘောများဖြင့် သယ်ယူခဲ့ကြသည်။ ၁၆၀၀ပြည့်အလွန်နှစ်များတွင် စပိန်နိုင်ငံမြို့ကြီးများနှင့် သင်္ဘောများကို ဟင်နရီမော်ဂန်က အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။လုယူရရှိခဲ့သောရွေ၊ငွေနှင့် အခြားကုန်စည်များကို မော်ဂန်က ဗြိတိသျှအစိုးရသို့ဝေပေးခဲ့သည်။ဟင်နရီမော်ဂန်သည် သမိုင်းဝင် အထင်ရှားဆုံးတိုက်ပွဲတစ်ပွဲကို ဦးဆောင်တိုက်ခိုက်ခဲ့ဖူးသည်။သူသည် ၁၆၇၁ခုနှစ်က ပနားမားမြို့တော်ကို တိုက်ခိုက်သိမ်းယူပြီးနောက် မီးတင်ရှို့ခဲ့သည်။ထိုစဉ်အချိန်က စပိန်လက်အောက်ခံ ကိုလိုနီဒေသများထဲတွင် ပနားမားသည် အချမ်းသာဆုံးမြို့ကြီးတစ်မြို့ဖြစ်သည်။မော်ဂန်၏ လုပ်ရပ်ကို ဗြိတိသျှအစိုးရက အလွန်နှစ်ထောင်းအားရဖြစ်ခဲ့သည်။ဗြိတိန်နိုင်ငံဆိုင်ရာ စပိန်သံအမတ်ကြီးက ထိုစီးနင်းတိုက်ခိုက်မှုကို ကန့်ကွက်ခဲ့သေးသည်။ဗြိတိသျှအစိုးရက မော်ဂန်ကျူးလွန်ခဲ့သည့် ပြစ်မှုအတွက်သူ့အား တရားရုံးတွင် စစ်ဆေးစီရင်မည်ဖြစ်ကြောင်းပြောဆိုခဲ့သော်လည်း မော်ဂန်အား အရေးယူခြင်းမရှိခဲ့ပေ။မော်ဂန်သည် အငြိမ်းစားမယူမီအထိ ဂျမေကာနိုင်ငံတွင် လက်ထောက်ဘုရင်ခံချုပ်ပင်ဖြစ်လာခဲ့သေးသည်။
သို့သော် ပင်လယ်ဓားပြအများစုမှာ အလွန်အမင်းအောင်မြင်ကြီးပွားသွားကြသည်တော့မဟုတ်ပေ။ ပင်လယ်ဓားပြအဖြစ် နှစ်နှစ်၊သုံးနှစ်မျှသာ လုပ်ကိုင်သွားကြခြင်းဖြစ်သည်။ပင်လယ်ဓားပြဖြစ်လာသူတို့သည် ထိုအချိန်ကာလထက်ပို၍ ကြာမြင့်စွာ လုပ်ကိုင်သွားရန်လည်း မျှော်လင့်ထားကြခြင်းမရှိဟု သမိုင်းလေ့လာသူ ပညာရှင်များကဆိုသည်။၎င်းတို့မှာ အသတ်ခံရမည့်ဘေး သို့မဟုတ် ဖမ်းဆီးမိပြီး ၄င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုဖြင့် တရားစွဲဆိုကာ သေဒဏ်စီရင်ခံရမည့်ဘေးတိှု့နှင့် ကြုံတွေ့နိုင်သည့် အလားအလာ များစွာရှိနေကြောင်းကို ပင်လယ်ဓားပြလုပ်သူတို့က သဘောပေါက်ထားကြသည်။

သို့တိုင်အောင် သမိုင်းတွင် အအောင်မြင်ဆုံး ပင်လယ်ဓားပြဟု ဆိုနိုင်သူတစ်ယောက်ရှိခဲ့သည်။ထိုသူ၏အမည်မှာ ဟင်နရီ အေဗရီ ဖြစ်သည်။သူ့ကို လောင်းဘင်အေဗရီ (Long Ben Avery ) ဟုလည်းသိထားကြသည်။၁၆၉၅ခုနှစ်တွင် အေဗရီနှင့် နောက်လိုက်ဓားပြများသည် ဂန်းစ်ဝေး(Gunsway) ဟုအမည်တွင်သည့် သင်္ဘောတစ်စီးကို တိုက်ခိုက်ခဲ့ကြသည်။ ထိုသင်္ဘော အိန္ဒိပြည်မှ ပဒေသရာဇ်စော်ဘွားကြီး တစ်ဦးက ပိုင်သည်။သင်္ဘောပေါ်တွင် ဒေါ်လာသန်းပေါင်းများစွာတန်သော ရွေ၊ငွေနှင့် ကျောက်မျက်ရတနာများကို တင်ဆောင်လာခြင်းဖြစ်သည်။အေဗရီနှင့်နောက်လိုက်များက ရတနာများကိုယူဆောင်၍ အနောက်အိန္ဒိယ ကျွန်းစုသို့ရွက်လွင့်ခဲ့ကြပြီး သူတို့၏ သင်္ဘောကို ထားပစ်ခဲ့ကြသည်။အချို့နောက်လိုက်ဓားပြများက အမေရိကန်သို့ထွက်သွားကြသည်။အခြားဓားပြများမှာ သင်္ဘောအမျိုးမျိုးနှင့် လိုက်ပါသွားခဲ့ကြသည်။အေဗရီသည်လည်း ခေါင်းဆောင် ကပ္ပီတန်အဖြစ် သူရရှိသောဝေစုနှင့်အတူ အစပျောက်သွားခဲ့သည်။သူ့ကို ဖမ်းဆီးရမိခြင်းမရှိသကဲ့သို့ သူ့အကြောင်းကိုလည်း နောက်ထပ်တစ်ဖန် ကြားသိရခြင်း မရှိတော့ချေ။
အက်ဒ်ဝပ်တိခ်ျ သည်လည်း ထင်ရှားသောပင်လယ်ဓားပြကြီးဖြစ်သည်။ သူ့မျက်နှာတွင် ရှည်လျားသော အနက်ရောင်မုတ်ဆိတ်မွေးများ ပေါက်နေသဖြင့် သူ့ကို မုတ်ဆိတ်နက်ဟုလည်းခေါ်ကြသည်။သူ့ကို အင်္ဂလန်နိုင်ငံ၊ဘရစ္စတောလ်မြို့တွင်မွေးဖွားခဲ့သည်ဟု ယူဆရသည်။သူသည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ပင်လယ်သို့ထွက်လာခဲ့ပြီးနောက် ၁၇၁၅ ခုနှစ်ခန့်တွင် ပင်လယ်ဓားပြ ဖြစ်လာသည်။မုတ်ဆိတ်နက်သည် နှစ်နှစ်တာမျှ အောင်မြင်သော ဓားပြကြီးတစ်ဦးဖြစ်ခဲ့သည်။၁၇၁၈ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊မြောက်ပိုင်း ကယ်ရိုလိုင်းနားဟု ယခုခေါ်တွင်သည့် နေရာအနီး၌ ဗြိတိသျှရေတပ်မတော်က သူ့ကိုတွေ့သွားသည်။မုတ်ဆိတ်နက်နှင့် သူ့နောက်လိုက်သင်္ဘောသားဓားပြများက ဗြိတိသျှတို့ကို ခုခံတိုက်ခိုက်ကြရာ မုတ်ဆိတ်နက်ကျဆုံးသွားသည်။သူ့နောက်လိုက်များမှာ ဖမ်းဆီးခံကြရပြီး၊ယင်းတို့ကျူးလွန်ခဲ့သည့် ပစ်မှုများအတွက် စစ်ဆေး စီရင်ခြင်းခံကြရသည်။အချို့မှာ ကွပ်မျက်ခံကြရသည်။
သို့ရာတွင်မုတ်ဆိတ်နက်နှင့်ပတ်သက်သည့်ဇာတ်လမ်းကဆုံးခမ်းမတိုင်သေးပေ။မုတ်ဆိတ်နက်အုပ်ချုပ်ခဲ့သော သင်္ဘောများမှ သင်္ဘောတစ်စီးမှာ သူတို့တိုက်ခိုက်လုယူခဲ့သော ပြင်သစ်သင်္ဘောတစ်စီးဖြစ်သည်။ထိုသင်္ဘောကို "ဘုရင်မ အန်း၏ကလဲစား" (Queen Anne's Revenge) ဟုအမည်သစ်ပြောင်းထားသည်။ထိုသင်္ဘောမှာ ၁၇၁၈ ခုနှစ်တွင်ကျောက်ဆောင်နှင့်တိုက်မိပြီး နစ်မြုပ်သွားခဲ့သည်။၁၉၉၆ခုနှစ်တွင် မြောက်ပိုင်းကယ်ရိုလိုင်းနားကမ်းခြေအလွန် သမုဒ္ဒရာကြမ်းပြင်၌ သစ်သားသင်္ဘောမှ အကြွင်းအကျန်များကို ရေအောက်သုတေသနပညာရှင်များက တွေ့ရှိခဲ့ကြသည်။ပညာရှင်အများအပြားက နစ်မြုပ်နေသော သင်္ဘောသည် မုတ်ဆိတ်နက်၏ "ဘုရင်မအန်း၏ ကလဲ့စား" ဖြစ်ရမည်ဟု ယူဆခဲ့ကြသည်။
ထိုသင်္ဘောပျက်တွင် လေ့လာဖွယ်ရာ အမြောက်အမြားကို တွေ့ရသည်ဟု သုတေသီများက ဆိုသည်။လက်နက်များ၊ခဲယမ်းမီကျောက်များ၊သိပံ့္ပကိရိယာများ၊ရွေနှင့် ကိုယ်ပိုင်သုံးပစ္စည်းများကို သင်္ဘောပျက်ထဲတွင် ရှာဖွေတွေ့ရှိခဲ့ကြသည်။၁၈ရာစုအတွင်း အဆိုပါဒေသ အနီးတ၀ိုက်
၌ အခြားမည်သည့်သင်္ဘောမျှ နစ်မြုပ်ခဲ့သည့် အထောက်အထားမရှိသဖြင့် ထိုသင်္ဘောပျက်မှာ မုတ်ဆိတ်နက်၏ သင်္ဘောဖြစ်ရမည်ဟု ယုံကြည်ထားကြခြင်းဖြစ်သည်။
မုတ်ဆိတ်နက်သည် သူ၏ရတနာအချို့ကို ယခုမြောက်ပိုင်းနှင့်တောင်ပိုင်းကယ်ရိုလိုင်းနားပြည်နယ်တို့၏ ကမ်ခြေတစ်လျှောက်တွင် မြှုပ်နှံထားခဲ့လိမ့်မည်ဟု ရှေးဟောင်းဝတ္ထုဇာတ်လမ်းများတွင် ဖော်ပြထားသည်။ အဆိုပါ ရတနာများကို နှစ်ပေါင်းများစွာရှာဖွေခဲ့သော်လည်း မတွေ့ရပေ။မုတ်ဆိတ်နက်က ရွေနှင့်ကျောက်မျက်ရတနာများကို ထိုနေရာမှာဖြစ်စေ၊အခြားတစ်နေရာရာတွင်ဖြစ်စေ မြုပ်ထားခဲ့သည် ဆိုခြင်းကို ပညာရှင်အများစုက လက်မခံကြပေ။ဝတ္ထုနှင့် ရုပ်ရှင်များထဲတွင်သာ ပင်လယ်ဓားပြများက ရတနာများကို မြှုပ်နှံသိမ်းဆည်းထား၍ မြေပုံများရေးဆွဲကာ မှတ်သားထားကြခြင်းဖြစ်သည်ဟု ပညာရှင်တို့က ဆိုသည်။သို့သော်လည်း တကယ့်ပင်လယ်ဓားပြအစစ်များသည် သူတို့၏ ငွေကြေးများကို လျှို့ဝှက်သိမ်းဆည်းမှု မပြုကြချေ။နောင်တွင်မှ ထုတ်ယူသုံးစွဲနိုင်လောက်အောင် ကြာမြင့်သည်အထိ အသက်ရှည်ရှည် နေသွားရလိမ့်မည်ဟု မျှော်လင့်မထားကြသဖြင့် တကယ့်ပင်လယ်းဓားပြတို့မှာ ရရှိလာသည့် ရွေငွေတို့ကို ချက်ချင်းပင် သုံးစွဲပစ်ကြသည်ဟု ကျွမ်းကျင်ပညာရှင်များက ဆိုပါသည်။
အမေရိကန်ပြည်ထောင်စုမှ လူများမှာ ၀တ္ထုနှင့်ရုပ်ရှင်များတွင် မြင်တွေ့ကြရသဖြင့် ပင်လယ်ဓားပြများကို စိတ်ဝင်တစား ရှိနေကြဆဲဖြစ်သည်။ကီးဝက်စ်၊ဖလော်ရီဒါနှင့် အိုရီဂွန်ပြည်နယ်ရှိ ပို့လ်လန်ဆိပ်ကမ်းမြို့များတွင် နှစ်စဉ်ပင်လယ်ဓားပြ အထိမ်းအမှတ်ပွဲများ ကျင်းပကြသည်။မြောက်ပိုင်းကယ်ရိုလိုင်းနားတွင် ပင်လယ်ဓားပြ ပြတိုက်တစ်ခုပင်ဖွင့်ထားသည်။ ဖလော်ရီဒါပြည်နယ် အိုလန်ဒိုမြို့တွင် ဖွင့်ထားသည့် ဒစ္စနေးကမ္ဘာတွင်လည်း ပင်လယ်ဓားပြသင်္ဘောစီးနိုင်သည့် ဖျော်ဖြေမှု အစီအစဉ်တစ်ခုထားရှိသည်။ နီဗားဒါးပြည်နယ်၊လပ်စ်ဗေးဂတ်၌ ပင်လယ်ဓားပြဟိုတယ်ဟူ၍ ဖွင့်လှစ်ထားသည်။ထိုမျှမက နှစ်စဉ်ကျင်းပသော"နိုင်ငံတကာ ပင်လယ်ဓားပြ စကားပြောကြသည့်နေ့"ဟူ၍ပင် သတ်မှတ်ထားသေးသည်။။


VOA အသံလွှင့်ဆောင်းပါးပါ Nancy Steinbach ၏ Pirates May Be Popular in Book and Movies,But Piracy Remains a Threat ကို သပြေညို-မောင်အောင်ပန်း မြန်မာပြန်ဆိုပါသည်။၊

။။လင်းရောက်ခြည် USA မဂ္ဂဇင်းမှာ ကူးယူတင်ပြပါသည်။

အဖေ

အဖေ

SAVE OUR EARTH

SAVE OUR EARTH

Followers

Comments

ဧည့်သည်တော်မှတ်တမ်း